ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade - 12) ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်များ ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေး

ရန်ကုန် မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သုံးခွမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ခရမ်းမြို့နယ်ရှိ အ.ထ.က(၁)ခရမ်းကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။

ထို့သို့ လိုက်လံကြည့်ရှုအားပေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြီးဆုံးသည်အထိ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များ မှာကြားပြီး ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၃၅၉၈၃)ဦး ဝင်ရောက်ဖြေဆိုကြပြီး (၉၅ ဒဿမ ၂၃) ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၃၃၁)ဦး ဝင်ရောက်ဖြေဆိုကြပြီး (၉၀ ဒဿမ ၁၂) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)