ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သုံးခွမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား လာရောက်ကြည့်ရှုအားပေး

သုံးခွ မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား/သူများအား ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးဖြေဆိုနေသည့် စာစစ်ဌာနများဖြစ်သော အ.ထ.က(၁)နှင့် အ.ထ.က(၂) စာစစ်ဌာနတို့တွင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အ.ထ.က(၁) ကျောင်းခြံစည်းရိုးအုတ်တံတိုင်းပြုပြင်ရန်နှင့် ကျောင်းရှေ့မြေနိမ့်နေရာများ နုန်းသဲခင်းကာမြေပြင်ညီညာစေရန်အတွက် ထောက်ပံ့ငွေကျပ်(၁၀၀)သိန်းအားလည်းကောင်း၊ အ.ထ.က(၂)ကျောင်းရှေ့မုခ်ဦးပြုပြင်ရန်အတွက် ငွေကျပ်(၅၀)သိန်းအားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှု‌ရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းဒေသကြီးပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်ချိုချိုမြတ်အောင်၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သုံးခွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေတို့က ကြည့်ရှုအားပေးခဲ့ကြသည်။

စည်သူလင်း(ပြန်/ဆက်)