တောင်ဥက္ကလာပမြို့နယ် Community Centre ၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲ ဆောင်ရွက်

တောင်ဥက္ကလာပ မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူး‌‌ပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲများကို ယမန်နေ့ နံနက် (၁၁) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဆောင်ရွက်ခဲ့ကြ‌သည်။

အသိပညာပေးဟောပြောပွဲတွင် တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်‌ဆွေနှင်းက လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ဆရာမ ဒေါ်သိင်္ဂီဝင်းက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်များ စာရိတ္တမဏ္ဏိုင် ကောင်းမွန်ရေး၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးထိန်းသိမ်းတတ်စေရေး၊ လူတော်လူကောင်းများဖြစ်စေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာပေဖတ်ရှူသည့် အလေ့အကျင့်ရရှိစေရေးတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်များ စသည့်အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)