မိတ္ထီလာခရိုင်၌ ဆည်ရေကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၃၃၂၈၅ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး စတင်စိုက်ပျိုးလျက်ရှိ

မိတ္ထီလာ မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆည်ရေကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၃၃၂၈၅ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထိလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆည်ရေ၊ ကန်ရေအပြင် စက်ရေတွင်းများဖြင့် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေး လျာထားပြီး စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာကန်၊ မုန်တိုင်၊ ချောင်းကောက်၊ သင်ပုန်းဆည်၊  မင်းလှကန် ၊ စမုံဆည်၊ ကင်းတားဆည်၊ တောင်ပုလုကန် ပုဂ္ဂလိကဆည်၊ ဆိုလာရေတင်နှင့် လျှပ်စစ်ရေတင်တို့ဖြင့် မိတ္ထီလာခရိုင်၏ နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုး ဧက ၃၃၂၈၅ ဧက စိုက်ပျိုးသွားရန် လျာထားသတ်မှတ်ခဲ့သည်။ ယင်းသို့ လျာထားသတ်မှတ်ရာတွင် မိတ္ထီလာမြို့နယ်တွင် နွေစပါးစိုက်ဧက ၅၇၀၊ နွေနှမ်းစိုက်ဧက ၂၅၀ ဧက၊ မလှိုင်မြို့နယ်တွင် နွေစပါးစိုက်ဧက ၇၅ ဧက၊ မိုးကြိုဝါစိုက်ဧက ၅၀ ၊  မိုးကြို ပဲတီစိမ်း စိုက်ဧက ၃၀  တို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းအပြင် သာစည်မြို့နယ်တွင် နွေစပါးစိုက်ဧက ၄၅၀၊ နွေနှမ်းစိုက်ဧက ၁၂၀၊  ဝါစိုက်ဧက ၁၀၀၀ ၊ ဝမ်းတွင်းမြို့နယ်တွင် နွေစပါးစိုက်ဧက ၁၉၆၀၅၊ နွေနှမ်းစိုက်ဧက ၇၇၂၈ဧက၊ ပဲတီစိမ်း ၂၆၂၃ဧက၊ ငရုတ်စိုက်ဧက ၂၂၀၊ ဝါစိုက်ဧက ၅၆၄တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ မိတ္ထီလာခရိုင်တွင် ဆည်ရေကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၃၃၂၈၅ဧကကို စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး ၎င်းနွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုး နိုင်ရေး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်၍ စိုက်ပျိုးရေများ လွှတ်ပေးလျက်ရှိသည်။

မိတ္ထီလာခရိုင်အတွင်းရှိ နွေစပါးနှင့် အခြားသီးနှံများ သတ်မှတ်လျာချက်များ ပြည့်မီရေးနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဦးဆောင်၍ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းကြီးရေးအဖွဲ့၊ ခရိုင်အဆင့်မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ တို့မှ ခရိုင်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စိုက်ပျိုးရာတွင် လိုအပ်သည့် စိုက်ပျိုးရေ၊ မျိုးစေ့၊ သွင်းအားစု၊ ပိုးမွှားကာကွယ်ဆေးများ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)