ကော့မှူးတွင် လူငယ်ရေးရာအသိပညာပေးဟောပြော

ကော့မှူး မတ် ၂၀

လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြောကြားရာတွင် လူငယ်များ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည်ဖြစ်သောကြောင့် မိမိတို့၏ ဘဝများမြင့်မားတိုးတက်စေရန်လိုကြောင်း၊ လူငယ်များအနေဖြင့် အတွေးအခေါ်မှန်ကန်ပြီးစစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ပေါ်ထွန်းလာစေရန် အထူးပင်အရေးကြီးပါကြောင်း၊ မိမိကိုယ်ကိုကောင်းအောင် ကြိုးစားပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ လူငယ်များအနေဖြင့် အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်ဖို့အတွက် မှန်ကန်တဲ့ အရည်အချင်းတွေတိုးတက်ဖို့လို့ပါကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားနေထိုင်ကြစေလိုကြောင်းနှင့် လူငယ်များနှင့် ပတ်သက်သော အကြောင်းအရာများအား ဟောပြောခဲ့ပြီး Book Club အဖွဲ့ဝင် ဆရာဦးစည်သူကျော်က လူငယ်နှင့် ရည်မှန်းချက်ပန်းတိုင်ရှိသင့်ကြောင်း၊ ရည်မှန်းချက်တစ်ခုထက်ပိုပါက အနည်းငယ်ခက်ခဲနိုင်ပြီး ဟိုစပ်စပ်သည်စပ်စပ်လုပ်နေလျှင် ရည်မှန်းချက်ပန်းတိုင်မရှိသူနှင့် ကွာခြားတော့မည်မဟုတ်ကြောင်း၊ မည်သည့်အရာကို ရည်မှန်းသည်ဖြစ်စေ ရည်မှန်းချက်ပန်းတိုင်နှင့် အနီးဆုံးအခြေအနေရှိနေမှာရှိဖို့ အရေးကြီးပါကြောင်း၊ လူငယ်ဆိုတာစပ်စုလေ့လာသင့်တယ်၊ ရှာဖွေစူးစမ်းပြီး ကိုယ့်အရိပ်ကိုယ်ခိုနိုင်အောင် ကြိုးစား၍ ဗဟုသုတရှာဖွေသင့်ကြောင်း၊ လူငယ်တိုင်းမှာ လူငယ်စိတ်၊ လူငယ်အတွေး၊ လူငယ့်ရည်မှန်းချက်လူငယ်ပန်းတိုင်ရှိသင့်ကြောင်း စသည့်လူငယ်များနှင့် ပတ်သက်သော အကြောင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ