မန္တလေး မတ် ၂၀
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နွေရာသီအခြေခံ ပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲတစ်နာရီက အဆိုပါရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသူများ၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပါယ်၊ ဒုတိယဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြ ပန်းချီဆရာ ဦးမော်စန်း(မြောက်ပြင်တော်က ကိုရွှေမော်)၊ ကိုဖိုးချစ်(မန်းတောင်ခြေ)နှင့် သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်ကြသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက အမှာစကားပြောကြားကြပြီး မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် ဦးမြင့်ဇော်(မြင့်ဇော်_မျက်မှန်)တို့က ပန်းချီသင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းကြရာ မြို့နယ်ဦးစီးအရာရှိက လက်ခံရယူသည်။ ထို့နောက် သင်တန်းနည်းပြက သင်တန်းကို ဆက်လက်ပို့ချသင်ကြားသည်။
အဆိုပါ အခြေခံပန်းချီသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၄၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလ မတ်လ (၁၉) ရက်မှ မတ်လ (၂၁) ရက်နေ့အထိ သုံးရက်ဖြစ်သည်။ ထို့အပြင် စာပေရေးသားနည်းသင်တန်း၊ လူငယ်စကားဝိုင်း၊ လူငယ်ဆွေးနွေးပွဲ၊ လူငယ်စာဖတ်ဝိုင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရသည်။
မြင့်မော်ထွန်း (အောင်စံ၊ပြန်/ဆက်)