ရန်ကုန် မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အောင်ဇေယျတံတားသို့သွားရောက်၍ တံတားဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျူးကျော်နေထိုင်မှုများ မရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ညောင်တုန်းလမ်းမပေါ်ရှိ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က ဆောင်ရွက်ထားရှိသည့် အင်းဂလိုင်ချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇) ရပ်ကွက်ရှိ ဘဲတန်းချောင်းပေါ်၌ တည်ဆောက်ထားသည့် အမှတ် (၆) ရေတံခါးအား အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က ရေတံခါးတိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါရေတံခါးသည် မူလအရှည် ၅၁ ပေ၊ ရေတံခါးအပေါက် (၈) ပေါက်ပါရှိပြီး ယခုအခါ အရှည် ၂၅ ပေ၊ ရေတံခါး အပေါက် (၃) ပေါက် ထပ်မံတိုးချဲ့တည်ဆောက်ခြင်းဖြစ်ပြီး အမှတ် (၆) ရေတံခါး တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးသွားပါက ဒဂုံမြို့သစ် (၄) မြို့နယ် ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)