ရန်ကုန် မတ် ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ပုဂ္ဂိုလ်များကို အခမ်းအနားဖြင့် ချီးမြှင့်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း အခမ်းအနားသို့ တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိသော ဘွဲ့ခံပုဂ္ဂိုလ်များအား ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်များနှင့် မိသားစုဝင်များ၏ နေအိမ်များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းခဲ့ကြသည်။
ဦးစွာ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိကြသူများဖြစ်သည့် ဦးမောင်မောင်လေး၊ သံအမတ်ကြီး(ငြိမ်း)၊ နိုင်ငံခြားရေးဝန်ကြီးဌာနအားလည်းကောင်း၊ ဦးသောင်းလွင်၊ သံအမတ်ကြီး(ငြိမ်း)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊(ကိုယ်စား) သမီးဖြစ်သူအားလည်းကောင်း၊ စည်သူဘွဲ့ရရှိသည့် ဒေါက်တာ မင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ စာရေးဆရာ၊ ပြန်ကြားရေးဝန်ကြီးဌာနအားလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များကို အိမ်တိုင်ရာရောက် ကာယကံရှင်များနှင့် မိသားစုဝင်များထံ ပေးအပ်ချီးမြှင့်ကြသည်။
ထို့ကဲ့သို့ နေအိမ်များသို့ သွားရောက်ပြီး ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များအား အိမ်တိုင်ရာရောက် ကာယကံရှင်ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များထံသို့ လိုက်လံချီးမြှင့်ပေးအပ်ရာ ဘွဲ့ရရှိသူများနှင့် (ကိုယ်စား) လက်ခံရရှိသော မိသားစုဝင်များက ယခုကဲ့သို့ အိမ်တိုင်ရာရောက် လာရောက်ချီးမြှင့်ပေးအပ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများအပါအဝင် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ကြသည်။
ဇွဲထက်ကို(ပြန်/ဆက်)