တပ်ကုန်း မတ် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဘက်စုံထူးချွန်သော ကျောင်းသားလူငယ်များ ဖြစ်ထွန်းလာစေရေးအတွက် ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပရာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ အကြီးကိုကို(ကသာ)က မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လက်ခံရယူခဲ့ပြီးနောက် စာရေးဆရာ အကြီးကိုကို(ကသာ)က “လူ့တန်ဖိုး၊ လူ့ဂုဏ်သိဏ္ခာ” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ယင်းနောက် ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်ပြဘုတ်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင်စိုးလွင်