ဗဟန်း မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများနှင့် လူငယ်နှင့် နည်းပညာအကြောင်း အသိပညာပေးဟောပြောပွဲ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (နည်းပညာအကြံပေး) ဦးဌေးလင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ဦးစီးအရာရှိ ဦးကျော်သူဟိန်းနှင့် နွေရာသီအခမဲ့သင်တန်းများ တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ တက်ရောက်ကြသည်။
ဦးစွာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြိုင်ပွဲများနှင့် လူငယ်နှင့် နည်းပညာအကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာကြသည့် လူငယ်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (နည်းပညာအကြံပေး) ဦးဌေးလင်းက လူငယ်နှင့်နည်းပညာအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ ပြိုင်ပွဲ၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် ၆၈ ဦးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာန၌ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
ကျော်သူဟိန်း (ပြန်/ဆက်)