လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

လယ်ဝေး မတ် ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက ဗလငါးတန်နှင့်ပြည့်စုံသည့် ဘက်စုံထူးချွန်သော လူငယ်များပေါ်ပေါက်လာစေရန်အတွက် လူငယ်ရေးရာအသိပညာပေး လုပ်ငန်းများဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသားစာပေဆုရ စာရေးဆရာအကြီးကိုကို (ကသာ) က စာရိတ္တနိုင်ငံတော် ခေါင်းစဉ်ဖြင့်လူငယ်များအား အသိပညာပေးဟောပြောပြီး တက်ရောက်လာသည့် လူငယ်များ၏ မေးခွန်းမေးမြန်းမှုအား ပြန်လည်ရှင်းလင်းဖြေကြားသည်။ ဆက်လက်၍ စာရေးဆရာ အကြီးကိုကို (ကသာ) က လယ်ဝေးမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်အတွက် သုတရသစာအုပ်များ ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ လယ်ဝေးမြို့နယ်Book Club အသင်းဥက္ကဋ္ဌ စာရေးဆရာမခင်လယ်လယ်ချစ်က တက်ရောက်လာသည့် လူငယ်ကျောင်းသားကျောင်းသူများအား မုန့်၊ ရေသန့်များပေးဝေခဲ့ကြောင်း သိရသည်။

မျိုးသန့်ထွန်း (ပြန်/ဆက်)