မြစ်ကြီးနား မတ် ၂၀
နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော သီတာရပ်ကွက်နှင့် ဧရာရပ်ကွက်ချင်းဆက်လမ်းတစ်ခုဖြစ်သည့် ဇော်ဂျွန်းလမ်း နိုင်လွန်ကတ္တရာလမ်းသစ်ကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါလမ်းသစ်၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြစ်ကြီးနားမြို့နယ် စည်ပင်ယာရေးအဖွဲ့၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးက လမ်းသစ်ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးနိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီး ဧရာတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သူက ရပ်ကွက်အတွင်း လမ်းသစ်ရရှိခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အခမ်းအနားတက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘင်ခရာအဖွဲ့၏ ဦးဆောင်မှုဖြင့် အဆိုပါ အရှည် (၂၂၄၀)ပေ၊ အကျယ် (၁၄)ရှိ နိုင်လွန်ကတ္တရာလမ်းသစ်အား လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စက်မှုဇုံရပ်ကွက်အတွင်းရှိ ဗလမင်းထင်စံပြစိုက်ခင်း(မန်ခိန်ကွင်း)ဘက်ခြမ်း၌ ဆောင်းသီးထပ် လယ်သီးနှံအဖြစ် ပဲပုတ်သီးနှံစိုက်ခင်းများအတွင်း ပဲပုတ်သီးနှံ အသီးအပွင့်အားပေး ရွက်ဖျန်းမြေသြဇာ အချိန်ကိုက်၊ အချိုးကျ ပက်ဖျန်းခြင်း တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့ကြပြီး သီးထပ်စိုက်ပျိုးသည့် တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ဆန်းစပါးဖူလုံမှုရှိသော်လည်း စားဆီဖူလုံမှုအနေဖြင့် (၅၀) ရာခိုင်နှုန်းအောက်တွင် ရှိနေသေးပါကြောင်း၊ စားဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် (၅)နှစ် စီမံကိန်းဖြင့် ဒေသဝမ်းစာအတွက် မဖြစ်မနေအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန် လယ်များအားလုံးတွင် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးနည်းစနစ်များ ပံ့ပိုးကူညီခြင်း၊ စိုက်ပျိုးရေရရှိရေး၊ ဓာတ်မြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာများ ဈေးနှုန်းသက်သာစွာရရှိရေး စသည့် သွင်းအားစုအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း အကျိုးစီးပွားပိုမိုဖြစ်ထွန်းစေသည့် သီးထပ်စိုက်ပျိုးခြင်းကို တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးနိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုးက ပဲပုတ်စိုက်ခင်းများ ရှင်သန်ဖွင့်ဖြိုးချိန်တွင် အချိန်ကိုက်အသီးအပွင့်အားပေး ရွက်ဖျန်းမြေသြဇာပက်ဖျန်းပေးခြင်းဖြင့် အထွက်နှုန်းတိုးပွားစေသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် သီးထပ်စိုက်တောင်သူများက ကွင်းအလိုက် ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေ စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြရာ သီးထပ်စိုက်ပျိုးသည့် တောင်သူများအတွက် အသီးအပွင့်အားပေး ရွက်ဖျန်းမြေသြဇာအိတ်များနှင့် သဘာဝဓာတ်မြေသြဇာအိတ်များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်အတူ ကွင်းအတွင်း ပဲပုတ်သီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့်အခြေအနေများနှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းအတွင်းရှိ တောင်သူ ဒေါ်ဘောမ်ဝင်း၏ ပဲပုတ်စိုက်ခင်း၌ ပဲပုတ်သီးနှံအသီးအပွင့်အားပေး ရွက်ဖျန်းမြေသြဇာ အချိန်ကိုက်၊ အချိုးကျပက်ဖျန်းခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ကွင်းအတွင်း သီးထပ်ဧက ၅၀ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ခြံဝင်းကာရံနိုင်ရေး ငွေကျပ်သိန်း (၅၀)ကို တောင်သူများထံ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန်ခိန်ကွင်းအမှတ် (၃)အတွင်းရှိ တောင်သူ ဦးချန်းယိန်းတိန့်၏ လယ်သီးထပ်စိုက်ခင်းသို့သွားရောက်ပြီး စိုက်ပျိုးရေရရှိရေး ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် တူးဖော်ဆောင်ရွက်ပေးထားသည့် ဆိုလာစက်ရေတွင်း၏ ရေထွက်နှုန်းနှင့် လယ်အတွင်းရှိ ခရမ်းချဉ်သီး၊ ပဲပုတ်၊ တိုင်ထောင်ပဲနှင့် မုန်လာထုပ်စိုက်ခင်းများအတွက် ရေထွက်လုံလောက်မှုရှိစေရေး (၅)ပေါက်ရေတွင်းသစ် တူးဖော်ပေးနိုင်ရေးနှင့် ပတ်ဝန်းကျင်ရှိ မိုးစပါးစိုက် လယ်များအားလုံးတွင်လည်း လာမည့်ရာသီတွင် သီးထပ်စိုက်ပျိုးနိုင်ရေး ဆိုလာစက်ရေတွင်းများ တိုးချဲ့တူးဖော်ပေးနိုင်ရေးတို့ကို တောင်သူများနှင့် ဌာနဆိုင်ရာများအကြား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် စီတာပူရပ်ကွက်အတွင်းရှိ ကွင်းအမှတ် (၁၁)၊ ဦးပိုင်အမှတ် (၃၂/၁)အတွင်း တောင်သူ ဦးဆွတ်ရိန်၏ လယ် ၃ ဧက၌ သီးထပ်အဖြစ် နေကြာနှင့် ပဲပုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကွင်းအတွင်း လူနေအိမ်များ ကျူးကျော်ဆောက်လုပ်မှုမရှိစေရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးနှင့် သီးထပ်စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး အဆိုပါကျောင်း စာစစ်ဌာနဖွင့်လှစ်၍ ကျောင်းသား/ကျောင်သူများ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို အေးချမ်းတည်ငြိမ်စွာဖြေဆိုလျက်ရှိသည့်အခြေအနေများနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း လိုအပ်ချက်များပေါ်ပေါက်ပါက အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးတင်ပြဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူ ၆၂၉ ဦးတို့အား မုန့်နှင့် အားဖြည့်အချိုရည်ဘူးများအား လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်စေရေးနှင့် လမ်းများရှိ ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးကြိုးတိုင်များ စနစ်တကျဖြင့် သွယ်တန်းနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ရှေးဦးစွာ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် မေခပန်းခြံငယ်သို့သွားရောက်ပြီး ပန်းခြံအတွင်း စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြေယာရှုခင်းပြုပြင်၍ အလှပန်းပင်များ ပြုပြင်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြစ်ကြီးနားလေဆိပ် အရေးကြီးပုဂ္ဂိုလ်အဆောင်အနီး ပြည်နယ်ရန်ပုံငွေဖြင့် ကားပါကင်နှင့် အများသုံး အိမ်သာများ တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ လေဆိပ်အတွင်း ပန်းခုံများတွင် စက္ကူပန်းပင်များနှင့် မြေယာရှုခင်းပြုပြင်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ အလှပန်းပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်းမတစ်လျှောက်နှင့် ရေစင်လမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိ လျှပ်စစ်မီးကြိုးများ၊ ဆက်သွယ်ရေးကြိုးများ သွယ်တန်းထားရှိမှုအခြေအနေများနှင့် သစ်ပင်ကြီး၏ သစ်ကိုင်းများဖြင့် ထိစပ်နေမှုအပေါ် အန္တရာယ်ကင်းရှင်းရေးအတွက် ခုတ်ထွင်ရှင်းလင်းနိုင်ရေး၊ ကြိုးများ စနစ်တကျ ပြင်ဆင်သွယ်တန်းနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စီတာပူရပ်ကွက်အတွင်း ဧရာဝတီရှုခင်းသားအပန်းဖြေစခန်းအတွင်း မြစ်ရေဝင်ရောက်နေမှုကြောင့် ပန်းခြံဧရိယာရေဝင်ရောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)