တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ယဉ်ကျေးလိမ္မာသင်တန်း ဆက်လက် ဖွင့်လှစ်

တောင်ဥက္ကလာပ မတ် ၂၀

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ကိုယ်အမူအယာ၊ နှုတ်အမူအယာ ယဉ်ကျေးလိမ္မာစေရန်၊ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရန် ရည်ရွယ်၍ အခြေခံ ယဉ်ကျေးလိမ္မာသင်တန်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်ကစ၍  ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သင်တန်း ဆက်လက်ဖွင့်လှစ်ရာတွင်  သင်တန်းဆရာမ ဒေါ်သိင်္ဂီဝင်းနှင့် ဆရာမ ဒေါ်အေးအေးမြင့်တို့က သင်တန်းတွင် ယဉ်ကျေးလိမ္မာဆုံးမစာ၊ အထွေထွေယဉ်ကျေးခြင်း၊ နေ့စဉ်ကျင့်ရန်တို့အဓိဋ္ဌာန် စသည့် အကြောင်းအရာများနှင့်ပတ်သက်၍  သင်ကြားပို့ချခဲ့ပါသည်။

ယဉ်ကျေးလိမ္မာ အခြေခံသင်တန်းကို ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ သင်တန်းသို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ  ၃၃ ဦး လာရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၁၇ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)