ဆိပ်ကြီးခနောင်တိုမြို့နယ် မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြစ်၊ ချောင်းများအတွင်း သန့်ရှင်းစေရန် ရေလမ်းကြောင်းတစ်လျှောက် အမှိုက်နှင့် ဒိုက်များ ဆယ်ယူရှင်းလင်းခြင်းကို ယနေ့ နံနက် ၉ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် ခနောင်တိုချောင်းနှင့် တွံတေးတူးမြောင်းအတွင်း မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ မှ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာအလှည့်ကျရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စက်တပ်ရေယာဥ် (သမ္ဗန်) လိုင်း တာဝန်ရှိသူများက ခနောင်တိုချောင်းတစ်လျှောက်နှင့် တွံတေးတူးမြောင်းရှိ ရေလမ်းကြောင်းများအတွင်း ရေထဲတွင် မျှောပါနေသည့် အမှိုက်နှင့် ဒိုက်၊ ဗေဒါပင်များအား ဆယ်ယူရှင်းလင်းခြင်း၊ ချောင်းစပ်ကမ်းနားရှိ အမှိုက်များအားဆယ်ယူရှင်းလင်းခြင်းတို့ကို စက်တပ်ရေယာဥ်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများအနေဖြင့် ရေလမ်းခရီးကိုသာ အဓိကထားသွားလာနေရခြင်းဖြစ်၍ ရေယာဥ်စီးခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာမဖြစ်ပေါ်စေရေးနှင့် ရေယာဥ်များ မောင်းနှင်ရာတွင် အန္တရာယ်ကင်းစွာမောင်းနှင် သွားလာနိုင်ရေးအတွက် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အပတ်စဥ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)