လှည်းကူး မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ကျောင်းစာအပြင် ဗဟုသုတများ တိုးပွားစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးအေးဝင်း (မောင်သိန်းခိုင်) က မုဒိတာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က သင်တန်းဖွင်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် ပန်းချီဆရာဦးအောင်ခန့်ဗိုလ်က အခြေခံပန်းချီရေးဆွဲနည်း၏ နည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ပန်းချီသင်တန်းနည်းပြဆရာအဖြစ် ဦးအောင်ခန့်ဗိုလ်နှင့် ဦးသက်ဦးတို့က သင်ကြားပို့ချပေးမည်ဖြစ်ပြီး အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ (၁၉) ရက်နေ့မှ (၃၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသို့ သင်တန်းသား/သူ (၃၉) ဦး တက်ရောက်ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)