တာမွေ မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားစိစစ်ရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်က အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သတ်၍ ယခုလိုအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကလေးသူငယ်များအား အတင်းအကြပ်ခိုင်းစေခြင်းများ၊ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်စေမည့် အလုပ်များကို ခိုင်းစေခြင်းမပြုလုပ်ရန် စသည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားစိစစ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးဌေးက ကလေးအလုပ်သမားအဓိပ္ပာယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေမှုနှင့် ပတ်သတ်သည့် ဥပဒေပုဒ်မများ၊ကလေးသူငယ်ကိုရောင်းချခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကျေးပိုင်ကျွန်ပိုင်ပြုလုပ်ခြင်း၊ လူကုန်ကူးမှုကျူးလွန်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းစသည့် အလုပ်များကို ပြုလုပ်ပါက သတ်မှတ်ပြဌာန်းထားသည့် ဥပဒေပုဒ်မအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင်ရှိသည့် ကလေးအလုပ်သမားအရေအတွက်၏ ၇၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် အများဆုံးရှိနေတာကို လေ့လာသိရှိရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အဆိုပါကဏ္ဍများတွင် အများဆုံးရှိကြောင်း၊ ကလေးအလုပ်သမားအတွက် အကာအကွယ်ပေးထားသည့် ဥပဒေများအကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမြတ်ကိုက ကလေးသူငယ်ကို သတ်မှတ်သည့် အသက်အပိုင်းအခြား၊ ကလေးသူငယ်များကို အတင်းအကြပ်ခိုင်းစေခြင်းများ၊ အသက်မပြည့်သေးသော ကလေးသူငယ်များအား လုပ်ငန်းခွင်တွင် ခိုင်းစေခြင်းများ၊ ကလေးသူငယ်များအား လူကုန်ကူးခြင်းစသည့် လုပ်ငန်းများအား လုပ်ဆောင်ပါက သတ်မှတ်ထားသည့် ဥပဒေအရ အရေးယူခံရနိုင်သည့် အခြေအနေများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထက်အောင်လင်း (ပြန်/ဆက်)