ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ငါန်းဇွန် မတ် ၁၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်းပြီး စာရေးဆရာ ဖေမြင့်၏ “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင် ဗဟုသုတ တိုးပွားစေရန်နှင့်  စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စာရေးသူ ဖေမြင့်၏ “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ပါ “တန်ဖိုးထားအပ်သောအရာများ” ခေါင်းစဉ်အောက်မှ သတ္တိရှိမရှိထက် တာဝန်သိမသိက ပို၍ပဓာနကျပါကြောင်း၊ တိုက်ရဲခိုက်ရဲ သေရဲသတ်ရဲသူ ဖြစ်သော်လည်း တာဝန်သိစိတ်သာမရှိက တန်ဖိုးထားအပ်သောအရာ မဟုတ်ပါကြောင်း၊ မိမိတန်ဖိုးထားသောအရာအတွက် မသိမ်ဖျင်းမပွန်းပဲ့စေရန်အလို့ငှာ အသက်ကိုပင် ပေးဆပ်ခဲ့ကြသူများအကြောင်း၊ ကိုယ်ကျင့်တရားကို လေးစားသော ပုဂ္ဂိုလ်ဟူသည် အောင်ပွဲကိုလည်း သိက္ခာရှိသောနည်းဖြင့်သာ ရယူကြပြီး၊ သိမ်ဖျင်းယုတ်ညံ့သော နည်းလမ်းမျိုးကိုကား မိမိအသက်ကို ကယ်ဆယ်ရန်အတွက်ပင် အသုံးမပြုသင့် စသည်တို့ကို  ရှင်းလင်းဆွေးနွေးခဲ့သည်။‌

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အဖွဲ့ဝင် မောင်ကောင်းထက်သော်က “တစ်ခါတစ်ရံ အရှိကို အရှိအတိုင်း” ခေါင်းစဉ်အောက်မှ လူ့လောကထဲမှာ လိုအပ်တာထက်ပိုပြီး စိတ်ပင်ပန်းဆင်းရဲမှု မခံစားရအောင်ဆိုလျှင်မူ မဖြစ်နိုင်သည့်ကိစ္စကို မသိကျိုးကျွန်ပြုတတ်ဖို့၊ ကိုယ်မနိုင်သည့်ကိစ္စကို သည်းညည်းခံတတ်ဖို့၊ ပြဿနာအသေးအမွှားကို အလေးထားမနေဖို့၊ တော်ရုံတန်ရုံ ချို့ယွင်းချက်ကို အသည်းအသန် ကြိုးစားပြင်ဆင်မနေဖို့ စတာတွေကိုတော့ ကျွန်တော်တို့ သတိပြုဆင်ခြင်ရန် လိုလိမ့်မည်ထင်ကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် မစုဝေမာက “တံငါသည်ကို သတိရသည်” ခေါင်းစဉ်အောက်မှ တံငါသည်နှင့် နန်းတော်စောင့် တံခါးမှူးအကြောင်း ပုံပြင်နှင့် ပတ်သက်၍ လောဘကြီးသော အမှုထမ်းဆိုးတို့၏ ယေဘုယျစရိုက်လက္ခဏာ၊ ယေဘု ယျမဟုတ်ဘဲ ထူးခြားမှုရှိသည့် တံငါသည်၏ စိတ်ဓာတ်မှာ ကိုယ့်ပစ္စည်းကို တန်ရာတန်ဖိုးရဖို့အတွက် သူတစ်ပါးအား အောက်ကျို့ရတာမျိုး သူဝါသနာမပါ၊ မဟုတ်တရား လုပ်တာမျိုးကိုလည်း သူနည်းနည်းမျှ သည်းမခံနိုင်ဘဲ လောဘကြီးသော အမှုထမ်းအား လက်စားချေသောသဘောထက် ပညာပေးသောသဘောသာဆောင်သဖြင့် မဟုတ်မခံစိတ်ရှိသူ၊ ဉာဏ်ထက်မြက်သူ၊ ဟာသဓာတ်ခံရှိသူဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ဖတ်ရှုနားလည်မှုများအလိုက် စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။         

သက်နောင်ဦး(ငါန်းဇွန်)