ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ကျောက်ဆည် မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၁) နာရီက လူထုအခြေပြုဗဟိုဌာနတွင်၊ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အချိန်ကိုအသုံးချနည်း” စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှုလေ့လာရာတွင် ရရှိမည့် အကျိုးကျေးဇူးများ၊ ဗလငါးတန်နှင့် ပြည့်စုံရေး သုတ၊ ရသ စာအုပ်စာစောင်များကို ဖတ်ရှုစေလိုကြောင်း  ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအတွင်းရေးမှူး ဒေါ်ခင်ချို (သီတဂူ-ကျောက်ဆည်)က ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အချိန်ကိုအသုံးချနည်း” စာအုပ်မှ အချိန်ကို အသုံးချနည်း၊ ပညာလိုအိုသည်မရှိ၊ စိတ်၏အရိပ်၊ မိဘဆရာကိုပြုစုပါ၊ စီးပွားအောင်မြင်ကံကောင်းချင်ရင် စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ပြီး ကျောင်းသူကျောင်းသားများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ ကလးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)