ရန်ကင်းမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကင်း မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်ကော်မတီအဖွဲ့ဝင် ဒေါ်ခင်တင့်ဝေက အဖွင့်အမှာစကားပြောကြားပြီး ဦးရဲဝင်းကျော်က မုဒိတာစကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်လှလှထွေးက “စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရင်းနှီးမှုရှိစေရန်နှင့် ကလေးများ ကျောင်းအားလပ်ရက်မှာ စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် ပန်းချီပညာရပ်အား အခြေခံမှစ၍ ကောင်းမွန်စွာလေ့လာနိုင်စေရန်ရည်ရွယ်ပြီး သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်တယ်”ဟု ပြောကြားခဲ့ပြီး ပန်းချီဆရာခြူးခြူးက သင်ကြားပေးမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီးသင်တန်းအား ဆက်လက်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ၁၉-၃-၂၀၂၅ ရက်နေ့မှ ၂၅-၃-၂၀၂၅ ရက်နေ့အထိ နံနက် (၉:၃၀) နာရီမှ (၁၁:၃၀) နာရီထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ/သင်တန်းသား စုစုပေါင်း (၆၅) ဦးခန့် သင်တန်းတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရဲလေး (ပြန်ဆက်)