ပြည်ကြီးတံခွန် မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၉) နာရီ အချိန်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းပို့ချရာတွင် မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးခိုင်တို့က ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများ၊ သဘာဝတရားများနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစက်ဝန်း အကြောင်းအရာများ၊ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ် အကြောင်းအရာများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖွံ့ဖြိုးရေးစီမံကိန်းတွင် ဆုံးရှုံးနိုင်ခြေများကို လျှော့ချခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပက်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များအကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ ကြိုတင်သတိပေးစနစ်အပေါ် ခြုံငုံလေ့လာခြင်း၊ ရပ်ရွာလူထုအခြေခံသောဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကနဦးလိုအပ်ချက်များ အကဲဖြတ်ဆန်းစစ်ခြင်း၊ ကယ်ဆယ်ရေးပစ္စည်များဖြန့်ဝေပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာတွင် လူမှုရေးနှင့် သက်ဆိုင်သော ပံ့ပိုးမှုပေးခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အရေးပေါ်ကာလ ပြည်သူ့ကျန်းမာရေးလုပ်ဆောင်ခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ခြုံငုံလေ့လာခြင်း အစရှိသည့် အချက်အလက်အကြောင်းအရာများကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ပြည်ကြီးတံခွန်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စောလွင် (ပြန်/ဆက်)