ကျောက်တလုံးကြီး မတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် မိသားစုအပိုဝင်ငွေရရှိရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော လီလီပန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လီလီပန်းများစိုက်ပျိုးရာတွင် လီလီပန်းမျိုးဥများ အရည်အသွေးကောင်းမွန်ပြီး လတ်ဆတ်ကာ အမြစ်များ ရှင်သန်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမည့်စိုက်ဘောင်နှင့် စိုက်ကျင်းအနက်တို့သည် မျိုးဥပေါ်မူတည်၍ပြုလုပ်ပေးရပြီး မျိုးဥမချမီ စိုက်ဘောင်ကို နွားချေး၊ အာမိုနှင့် ဒီစူပါမြေသြဇာများရောစပ်၍ထည့်ကာ ရေဖြင့် (၆) နာရီခန့် ကြိုတင်နှပ်ထားပြီးမှ မျိုးဥချရကြောင်း၊ လီလီပန်းပင်များစိုက်ပျိုးရာတွင် တွင်းအနက်အနည်းဆုံး ၆ လက်မ လိုအပ်ပြီး တစ်ပင်နှင့်တစ်ပင် ကြား ၆ လက်မခြား စိုက်ပျိုးရကြောင်း၊ လီလီပန်းများသည် နေရောင်ခြည်ကြိုက်သော်လည်း အေးသောရာသီဥတုကို နှစ်သက်သောကြာင့် အပူဒဏ်ခံနိုင်ရန် အမိုးများမိုးထားပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးပြီး ၂ ရက်လျှင် ၁ ကြိမ် ရေလောင်းပေးရပြီး ပေါင်းမြက်ပေါက်ရောက်မှုအပေါ်မူတည်၍ တစ်လတစ်ကြိမ်ခန့် ပေါင်းရှင်းပေးရန်လိုအပ်ကြောင်း သိရသည်။
လီလီပန်း မျိုးကွဲပေါင်း(၁၀၀) ကျော်ရှိပြီး အရောင်အားဖြင့် အဖြူ၊ အဝါ၊ အပန်း၊ ခရမ်း၊ အနီရောင်များရှိကြောင်း၊ လီလီပန်းများသည် စိုက်ပျိုးပြီး ၈ လကြာမှ ပန်းများခူးယူနိုင်ကြောင်း၊ ၂၀၂၄ခုနှစ်၊ သြဂုတ်လတွင် အဖြူရောင်လီလီပန်းမျိုးကို စိုက်ပျိုးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် လီလီပန်းများ စတင်ခူးယူနိုင်မည်ဖြစ်ကြောင်း၊ ယခင်နှစ်ထက် ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း လီလီပန်းစိုက်ပျိုးသူ ဒေါ်နန်းစွဲထံက သိရသည်။
ဇော်နိုင်လင်း