တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

တံတား မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတတ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က မြန်မာ့လူမှုပတ်ဝန်းကျင်တွင် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍများနှင့် ဆောင်ရွက်ချက်များ၏ အရေးပါပုံအလုပ်အကိုင်အခွင့်လမ်းများကို ပြည်သူများရှင်းလင်းစွာ သိမြင်နိုင်ရန်နှင့် စွမ်းဆောင်ရည်ရှိသော အမျိုးသမီးများစွာကို မြေတောင်မြှောက်ပေးကာ ၎င်းစွမ်းရည်များကို အပြည့်အဝအသုံးချနိုင်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ရန်၊ မိမိတို့အနေဖြင့်  တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်ရေးအတွက်ရည်ရွယ်၍ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက်(Women Club)အဖွဲ့ဝင် ဒေါ်ကေဇင်ထွေးမှ ရဲရင့်မှု၊ ထူးချွန်ထက်မြက်မှု၊ နိုင်ငံတကာနှင့် ရင်‌ဘောင်တန်းနိုင်မှု၊ ဦးဆောင်နိုင်မှုစွမ်းရည်များသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အားကစားအစရှိသော ကဏ္ဍမျိုးစုံတွင် ပါဝင်နေကြောင်းဆွေးနွေးပြောကြားကာ တက်ရောက်လာသောအမျိုးသမီးများမှလည်း မိမိတို့သိလိုသော အကြောင်းအရာများဖြင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)