မိတ္ထီလာ မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၅၄ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၆၇ ခုအား အကောင်အထည်ဖော်ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ကျေးရွာများတွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၁၅ သန်းဖြင့် ကျေးရွာ ၅၄ ရွာအတွက် ငွေကျပ် သန်း ၈၁၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၅၂ ခု၊ ဂျင်းလမ်းခင်းခြင်းလုပ်ငန်း ၂ ခုနှင့် ဆိုလာရေသန့်စင်စနစ် လုပ်ငန်း ၁၃ခု တို့အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မိတ္ထီလာမြို့နယ်တွင် ကျေးရွာ ၁၈ ရွာ၊ မလှိုင်မြို့နယ်တွင် ကျေးရွာ ၁၂ ရွာ၊ သာစည်မြို့နယ်တွင် ကျေးရွာ ၁၃ ရွာ၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ ၁၁ ရွာတို့တွင် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၁၅ သန်းဖြင့် သြဂုတ်လမှ စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ခရိုင်အတွင်းရှိ ကျေးရွာ ၅၄ ရွာမှ အိမ်ခြေ ၉၃၃၃၊ အိမ်ထောင်စု ၉၄၀၄ စု လူဦးရေ ၄၆၄၃၇ ဦးတို့အား အကျိူးပြုနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)