မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

မင်္ဂလာဒုံ မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။

ထိုသို့ သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းဆရာမ မြရည်နဒ္ဒာက သင်တန်းတွင် အခြေခံပုံရေးဆွဲသည့် မျဉ်းကွေး၊ မျဉ်းဖြောင့်၊ မတ်မျဉ်း၊ စက်ဝိုင်းပုံ၊ တြိဂံပုံ စသည့်တို့ဖြင့် အခြေခံတည်ဆောက်ရေးဆွဲမည့် အကြောင်းအရာများနှင့် ပတ်သက်၍ စာတွေ့လက်တွေ့ ပို့ချသင်ကြား‌သည်။

အခြေခံပန်းချီရေးဆွဲနည်းသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၀) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၁၈ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)