စမ်းချောင်း မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းနည်းပြ ဆရာနေမင်း (ပန်းချီထာဝရ) က သင်တန်းတွင် ပန်းချီရေးဆွဲသည့် မျဉ်းကွေး၊ မျဉ်းဖြောင့်၊ မတ်မျဉ်း၊ စက်ဝိုင်းပုံ၊ တြိဂံပုံ စသည့်တို့ဖြင့် အခြေခံတည်ဆောက်ရေးဆွဲမည့် အကြောင်းအရာများနှင့် ပတ်သက်၍ စာတွေ့လက်တွေ့ပို့ချသင်ကြားခဲ့သည်။
အဆိုပါပန်းချီရေးဆွဲနည်းအခြေခံသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀) ဦး တက်ရောက်ပြီး သင်တန်းကာလကို မတ်လ ၁၈ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ မွန်းလွဲ (၁) နာရီမှ (၃) နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)