တောင်ကြီး မတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီးယား၊ ပန်းချီ၊ စစ်တုရင်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က အဖွင့်အမှာစကားပြောကြားရာမှာ ယနေ့ဖွင့်လှစ်တဲ့ သင်တန်းများဟာဆိုရင် လူငယ်များအတွက်အလွန်အကျိုးရှိတဲ့သင်တန်းများပဲဖြစ်ပါကြောင်း၊ နွေရာသီအားလပ်ရက်မှာ လူငယ်များအချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေဖို့နှင့် ယနေ့နည်းပညာခေတ်မှာ မဖြစ်မနေသင်ကြားတတ်မြောက်ထားရမည့် ကွန်ပျုတာဘာသာရပ်၊ မဖြစ်မနေတတ်မြောက်ထားရမည့် ဘာသာစကားများ၊ လူငယ်များရဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်များ၊ စိတ်ကူးဉာဏ်များ၊ အနုပညာအရည်အသွေးများတိုးတက်စေဖို့အတွက် စစ်တုရင်သင်တန်းနှင့် ပန်းချီရေးဆွဲနည်းသင်တန်းများဟာ လူငယ်များအတွက်အကျိုးရှိစေတဲ့သင်တန်းများပဲဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့ ဗလငါးတန်နဲ့ပြည့်စုံတဲ့ လူသားအရင်းအမြစ်တွေမဖြစ်မနေလိုအပ်တာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံသားတိုင်းပညာရည်မြင့်မားရေး၊ အသိပညာဗဟုသုတတိုးတက်စေရေးစတာတွေကို နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက်ဆောင်ရွက်ပေးနေတာပဲဖြစ်ပါကြောင်း၊ ယနေ့လူငယ်ဆိုတာအနာဂတ်ရဲ့ ခေါင်းဆောင်လောင်းများဖြစ်တဲ့အတွက် လူငယ်များရဲ့ အတွေးအခေါ်၊ အတွေ့အကြုံ၊ အရည်အသွေးနဲ့ ကိုယ်စွမ်းကိုယ်စများ ထူးချွန်ထက်မြတ်နေရမှာဖြစ်သလို ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစတဲ့ ဗလငါးတန်နဲ့လည်းပြည့်စုံနေရမှာဖြစ်ပါတယ်။ ဒီလိုပြည့်စုံနေစေဖို့လည်း လူငယ်တွေအတွက်အခွင့်အလမ်းနဲ့ လူငယ်စွမ်းရည်များဖွံ့ဖြိုးတိုးတက်စေဖို့ အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ နွေရာသီသင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက လက်ခံရယူသည်။
၎င်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက နွေရာသီအခြေခံသင်တန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို တစ်လကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၈၀ ဦးကျော် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)