ရန်ကုန် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(တိုက်ကြီး)နှင့် ဖလုံအထက်တန်းကျောင်း၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများတွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့) မြန်မာစာဘာသာရပ်ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထိုသို့အားပေးကြည့်ရှုရာ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာစာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများက စာစစ်ဌာနများအလိုက် ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်ဝင် စာစစ်ဌာနများဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စာမေးပွဲစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြီးဆုံးသည်အထိ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲကျင်းပစဉ်ကာလအတွင်း လိုအပ်သည်များနှင့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြရန်နှင့် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စာစစ်ဌာန(၉၁)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းသား၊ ကျောင်းသူ (၃၉၂၆၃) ဦး စာရင်းပေးသွင်းထားပြီး (ပထမနေ့) မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၃၇၄၆၈)ဦး ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၅.၄၃) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် ကျောင်းပြင်ပများတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)