ကလော မတ် ၁၈
ကလောမြို့သို့လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအနေဖြင့် အလှပဆုံးနှင့် စွဲဆောင်မှုအရှိဆုံး ဒေသထွက်ပန်းများ၊ ထင်းရှူးတောများ၊ ချယ်ရီပန်းများ၊ မဖြစ်မနေမှတ်တမ်းတင်ရမည့် အထင်ကရပန်းခြံတစ်ခုအနေဖြင့် အမှတ်တရထင်ကျန်စေရန်နှင့် ကလောဘူတာရှေ့ မီးရထားစက်ခေါင်းရှိရာအနီးရှိ အများပြည်သူအပန်းဖြေနိုင်မည့် မြေယာရှုခင်းတစ်ခု ဖော်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကလောမြို့ မောဝ်မြေဦးပန်းခြံသို့ ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် သွားရောက်ကြည့်ရှုစစ်ဆေးရာ မောဝ်မြေဦးပန်းခြံစိမ်းလန်းစိုပြေသာယာရေးအတွက် ဆောင်ရွက်လျက်ရှိသည့် HIGHTLAND OASIS CONSTRUCTION COMPANY LIMITED မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးလွင်က လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောချောင်းမြေထိန်းနံရံဆောင်ရွက်ပြီးစီးမှုနှင့် ကလောဘူတာရှေ့ မီးရထားစက်ခေါင်းရှိရာအနီးရှိ အများပြည်သူအပန်းဖြေနိုင်မည့် မြေယာရှုခင်းတစ်ခုဖော်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့၊ ရပ်ကွက် (၁၁) နန်းသဲရပ်ရှိ ကလောချောင်းရေစီးရေလာကောင်းမွန်ရေးအတွက် ချောင်းဖြောင့်ခြင်း၊ ချောင်းအတွင်းရှိ နုန်းများ ဆယ်ယူခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာနှင့် သစ်တောဦးစီးဌာနမှ အင်းပြင်ပျိုးဥယျာဉ်တွင် စိုက်ပျိုးရန်အတွက် ထင်းရှုးပင်များပျိုးထောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာအနီးရှိ ကလောချောင်းဖြောင့်ခြင်း၊ ချောင်းအတွင်း အမှိုက်သရိုက်နှင့် နုန်းများဆယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်၍ တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ် ဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကလောခရိုင်အတွင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ကလောမြို့တွင် အ.ထ.က (၁)၊ အောင်ပန်းမြို့တွင် အ.ထ.က(၃)၊ အ.ထ.က(၅)၊ အ.ထ.က(၈)၊ ဟဲဟိုး၊ ဘော်ဆိုင်း၊ အင်းခေါင်း၊ ညောင်ရွှေမြို့နယ်တွင် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သော အင်းပေါခုံ၊ မင်းချောင်း၊ မိုင်းသောက်၊ ဟဲယာရွာမ၊ အင်းယားကျောင်းတို့တွင် စာစစ်ဌာန (၁၄)ခုတို့တွင် စာမေးပွဲဖြေဆိုသူပေါင်း (၃၀၉၅) ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုသူ ၉၇.၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများကလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)