တောင်ကြီး မတ် ၁၈
တောင်ကြီးမြို့တွင်ပြုလုပ်မည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ် (၂/၂၀၂၅) ကို ယနေ့မွန်းလွဲ (၂) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြားရာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက်စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ လမ်းလျှောက်သင်္ကြန်နှင့် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကိုလည်း စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်းရေ ပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန် သက်ဆိုင်ရာကော်မတီများအား မှာကြားသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုမဏ္ဍပ် ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ ဗဟိုမဏ္ဍပ် ဖွင့်ပွဲ/ပိတ်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံရေးလုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ ဆုချီးမြှင့်ရေးနှင့် အကဲဖြတ်လုပ်ငန်းကော်မတီ၊ ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊သက်ကြီးပူဇော်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊ အန္တရာယ်ကင်း ပရိတ်တရားတော်နှင့် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နိုင်ရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ပြည်နယ်ဝန်ကြီး ချုပ်ဖလား မဟာသင်္ကြန်ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊ အင်းလေးရေပေါ် သင်္ကြန်ကျင်းပရေးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန် ကျင်းပရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများက မိမိတို့လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်သည် ယူနက်စကိုမှ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အတည်ပြုသတ်မှတ်ထားပြီးဖြစ်သဖြင့် ရိုးရာမပျက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေး၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီများမှ အထွေထွေဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဗဟိုမဏ္ဍပ် တည်ဆောက်ရန် လျာထားသည့်နေရာနှင့် လမ်းလျှောက်သင်္ကြန်ပြုလုပ်မည့် နေရာများအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)