သန်လျင် ဒီဇင်ဘာ ၈
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် တွင် သန်လျင်မြို့နယ်၌ ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဈေးများ၊ ကယ်ရီဂိတ်၊ ကားဂိတ်များ လမ်းသွား လမ်းလာများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်၏ (၉၉)နှစ်မြောက် အမျိုးသားနေ့ သဝဏ်လွှာ ကောက်နှုတ်ချက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်များဖွံဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ မိန့်ခွန်းကောက်နှုတ်ချက်၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး ၁၁ ဦး၏ အမည်များ၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေပါအချက်များ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းနှင့် ဆရာမြင်းမူ မောင်နိုင်မိုးရေးသားသည့် အမျိုးသားအောင်ပွဲနေ့ သန္ဒိဌာန် ကဗျာ၊ ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ဖော်ပြထားကြောင်း တွေ့ရသည်။
သန်းဝင်း(သန်လျင်)