မိုင်းတုံ မတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ဟောပြောပွဲ၊ အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်လာရောက်ကြသော ကလေးငယ်များကို “လူငယ်တို့၏အနာဂတ်” ခေါင်းစဉ်ဖြင့် ကလေးများ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဦးစီအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ဟောပြောပွဲပြုလုပ်ပြီးနောက် ပြိုင်ပွဲများကျင်းပပေးခဲ့သည်။ ယင်းသို့ ပြိုင်ပွဲများပြုလုပ် ပေးရခြင်းသည် မြို့ပေါ်၊ ကျေးရွာရှိကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဉာဏ်စွမ်းအား၊ ကိုယ်စွမ်းအားတို့ဖြင့် စီစဉ်ဆောင်ရွက်တက်ပြီး ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာပြောတတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများ အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အများအကျိုးကိုဆောင်ရွက်တတ်သည့် အလေ့အကျင့် ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။
အဆိုပါ ကလေးများမှာ မြို့ပေါ်ရပ်ကွက်မှ ကလေးများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကလေးများအား အမှတ်တရလက်ဆောင်များ အပ်ခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်ဆက်)