နောင်တရားမြို့၌ ဆောင်းသီးနှံ ဆီမုန်ညှင်း ရိတ်သိမ်းပြီးစီး

နောင်တရား မတ်လ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ဆီမုန်ညှင်း ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ဆီထွက်သီးနှံအဖြစ် ပန်းနှမ်းတစ်ဧကနဲ့ ဆီမုန်ညှင်း နှစ်ဧက စိုက်ပါတယ်။ ဆီမုန်ညှင်းကို မိုးကြိုအာလူးစိုက်ပြီး ဆောင်းသီးနှံအဖြစ် ပန်းနှမ်းနဲ့ ဆီမုန်ညှင်းကို စိုက်ပါတယ်၊ ပန်းနှမ်းကတော့ သိမ်းပြီးတာကြာပါပြီ ဆီမုန်ညှင်းကိုတော့ ယခုမှ သိမ်းပြီးတာပါ၊ ဆီမုန်ညှင်းကို စီးပွားဖြစ် စိုက်တာမျိုးတော့မဟုတ်ဘူး။ အိမ်သုံးအဖြစ်စိုက်တာပါ ပိုလျှံရင်တော့ ရောင်းပါတယ်။ တစ်ဧကအထွက်နှုန်းမှာ ၈ တင်းမှ ၉ တင်းကျော်အထိ ထွက်ပါတယ်။ ဆီမုန်ညှင်းအဖြူတစ်တင်းကို ဆီကျိတ်ရင် ၁၀ ပိဿာ ထွက်ပါတယ်။ အနံ့သိပ်မရှိတော့ အိမ်သုံးအဖြစ် စားပါတယ်။ စားလို့လည်းကောင်းပါတယ်”ဟု ထီရီးကျေးရွာမှ ဆီမုန်ညှင်းဖြူစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

 “ဆီမုန်ညှင်းဖြူ တစ်ပိဿာကို ကျပ် ၃၅၀၀ မှ ၅၀၀၀ အထိ အရောင်းအဝယ်လုပ်ပါတယ်။ ကိုက်လန်ကို တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၀၀၀၊ မြေပဲတစ်ဗုံးကို ကျပ် ၁၂၀၀၀ နဲ့ အခြားဆီထွက်သီးနှံတွေကို ပေါက်ဈေးအတိုင်းဝယ်ဖြစ်ပါတယ်” ဟု ဆီထွက်သီးနှံ အရောင်းအဝယ် ပြုလုပ်နေသည့် ကုန်သည်တစ်ဦးထံမှ သိရသည်။

ဆောင်းသီးနှံဆီမုန်ညှင်းကို နောင်တရားမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ ၂၀၂၃-၂၀၂၄ခုနှစ်အတွင်း စိုက်ဧကပေါင်း (၄၈၀) ဧက စိုက်ပျိုးကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)