မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဆုပေးပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် မတ် ၁

(၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ထို့နောက် အမျိုးသားပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ တန်းလိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ရိုက်ချက်အလိုက် အကောင်းဆုံးဂေါက်သီးရိုက်အားကစားသမားဆုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

(၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်း၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်မှ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမား (၁၇၀) ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၂၅ ခုနှစ် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ဘောလီဘောအားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်သည်။

ရှေးဦးစွာ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပြေးခုန်ပစ်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ​ဘက်စကက်​ဘောပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တန်ခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)