ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ကျောက်တန်း မတ် ၁၇

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား/ကျောင်းသူများ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အင်္ဂလိပ်စာအရည်အသွေးများ မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ကျောင်းသား/ကျောင်းသူများအနေဖြင့်‌ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် အင်္ဂလိပ်စာကို အခြေခံမှစ၍ အလွယ်တကူ သင်ကြားတတ်မြောက်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို လူငယ်လူရွယ်များအတွက်လည်း တတ်မြောက်ထားသင့်သည့် သင်တန်းများကို ရွေးချယ်ဖွင့်လှစ်ပေးနေ‌လျက်ရှိပြီး အ‌ခြေခံပန်ချီးသင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်‌ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အင်္ဂလိပ်စာဆရာ ဦးအောင်ကို၀င်းက သင်တန်းကာလတိုတောင်းသော်လည်း အတိုင်းအတာတစ်ခုအထိ တတ်မြောက်အောင် လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို (၅) ရက်ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)