ဆီဆိုင် မတ် ၁၇
မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ တစ်ပြိုင်တည်း စတင်ဖြေဆိုလျက်ရှိကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန (၃)ခုတို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြင့် စတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃)ခုတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား (၉၁)ဦး၊ ကျောင်းသူ (၁၈၇)ဦး စုစုပေါင်း (၂၇၈) ဦးရှိသည့်အနက် မြန်မာစာဘာသာရပ်ကို ကျောင်းသား (၉၀)ဦး၊ ကျောင်းသူ (၁၈၃)ဦးနှင့် ထပ်တိုးကျောင်းသားတစ်ဦး စုစုပေါင်း (၂၇၄) ဦး ၀င်ရောက်ဖြေဆိုကြရာ ပျက်ကွက်ကျောင်းသား (၁)ဦး၊ ကျောင်းသူ (၄)ဦး စုစုပေါင်း (၅)ဦး ပျက်ကွက်၍ ဖြေဆိုမှုရာခိုင်နှုန်းအားဖြင့် (၉၈.၂၀) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုအောင်မြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဆရာ/ဆရာမများ၊ လူမှုရေးသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်စာရေး ဝန်ထမ်းများတို့မှ စာစစ်ဌာနအနီးဝန်းကျင်၌ ဆူညံသံများ၊ အနှောင့်အယှက်များမရှိရအောင် ကြီးကြပ်ခြင်းနှင့် လိုအပ်သည်များပေါင်းစပ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)