ပျော်ဘွယ် မတ် ၁၇
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်(၉)နာရီမှ စတင်ကျင်းပလျက်ရှိပြီး သတ်မှတ်စာစစ်ဌာနများတွင် မြန်မာစာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ထိုကဲ့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များသည် အမှတ်(၁) အခြေခံ ပညာကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်တွင် စာစစ်ဌာန(၈)ခုဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(ယင်းတော်)၊ အ.ထ.က(ရန်အောင်)၊ အ.ထ.က(အရှေ့လျှော်ဖြူကုန်း)၊ အ.ထ.က တောင်ညောင်ကုန်း(ပန်းစုံ)၊ အ.ထ.က(ရွှေညောင်ဖူး)၊ အ.ထ.က(ရွာသစ် အနောက်)၊ အ.ထ.က(မြောက်ညောင်ကုန်း) တို့၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၈၄၀)ဦးနှင့် ကျောင်းသူ (၁၂၉၈)ဦး၊ စုစုပေါင်း(၂၁၃၈)ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား(၈၀၆)ဦးနှင့် ကျောင်းသူ(၁၂၇၈)ဦး၊ စုစုပေါင်း(၂၀၈၄)ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက် ကျောင်းသား (၃၄)ဦးနှင့်ကျောင်းသူ(၂၀)ဦး စုစုပေါင်း(၅၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။
ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများပူးပေါင်း၍ အတွင်း စည်း၊ အပြင်စည်းလုံခြုံရေးတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)