ကျိုင်းတုံ မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က(၂)၊ အ.ထ.က(၃)နှင့် အ.ထ.က(၄)စာစစ်ဌာနတို့တွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့နံနက်ပိုင်းမှစတင်၍ တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ ကျိုင်းတုံမြို့ စာစစ်ဌာန ၃ ခုတွင် စတင်ဖြေဆိုကြပြီး ကျိုင်းတုံမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၀၈ ဦး ဖြေဆိုလျက်ရှိသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုကို ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့်ဘေးအန္တရာယ်ကင်ရှင်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့်လူမှုရေးအသင်းအဖွဲ့များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)