ကျောက်ဆည် မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့ညနေ (၄) နာရီခွဲအချိန်က ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္က သိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် (အ.ထ.က-၁) စာစစ်ဌာနသို့ သွားရောက်ပြီး ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည့် အမှတ် (၁) စာစစ်ဌာနတွင် ကြိုတင် ဆောင်ရွက်ထားသည့် စာဖြေခန်းများ၊ စာဖြေခုန်များ၊ အလင်းရောင်ကောင်းစွာရရှိရေးဆောင်ရွက်ထားရှိမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် အခြေအနေများ၊ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားသည် မီးသတ်ဆေးဗူးများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရေးပေါ်လိုအပ်မှုများရှိပါက အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာဖြေကျောင်းသား/ ကျောင်းသူများ သွားလာရန် လွယ်ကူစေရေးနှင့် အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်း၊ မင်းစုအခြေခံပညာအထက်တန်းကျောင်း၊ သံရွာအခြေခံပညာအထက်တန်းကျောင်းများတွင် စာစစ်ဌာနများ ဆောင်ရွက်ပေးထားပြီး ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ (၁၅၃၆) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)