မော်လမြိုင် မတ် ၁၇
(၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်း၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များတက်ရောက်၍ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဂေါက်သီးရိုက်အားကစားသည် ကမ္ဘာပေါ်တွင်ထင်ရှားသော အားကစားနည်းတစ်ခုဖြစ်သလို ပျော်ရွှင်မှုများရရှိနိုင်စေခြင်း၊ သက်တူရွယ်တူအချင်းချင်း အားပေးဖော်များကောင်းမွန်စေခြင်း၊ အသင်းအဖွဲ့နှင့်နေတတ်ခြင်း၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်အလေ့အထကို ရရှိစေခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ကြောင်း၊ မျိုးဆက်သစ်ဂေါက်သီးရိုက်အားကစားများအား ဂေါက်သီးရိုက်အားကစားနည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို စနစ်တကျ လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးကာ ပြည်နယ်၏ ဂေါက်သီးရိုက်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှလိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတဲ့သူများနှင့် အနယ်နယ်အရပ်အရပ်မှ အားတက်သရော ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဂေါက်သီးရိုက်အားကစားများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို smoke ball ရိုက်၍ စတင်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားများ ဝင်ရောက်ယှဉ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ်လ ၁၆ ရက်နေ့တွင် မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်း၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဖိတ်ကြားထားသည့် ပြိုင်ပွဲအသင်းများမှ ဂေါက်သီးရိုက် အားကစားသမား (၂၅၀) ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)