ဆိပ်ကြီးခနောင်တို မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆိပ်ကြီးနှင့်ကီလီ(ဝါးတန်း)ဆိပ်ကမ်းသို့ မောင်းနှင်ပြေးဆွဲလျက်ရှိသည့် ရွှေရန်ကုန်စက်တပ်ရေယာဉ်လိုင်းမှ စက်တပ်ရေယာဉ်(သမ္ဗန်)များ ကြံ့ခိုင်မှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရေယာဉ်လိုင်းတာဝန်ရှိသူများက စက်တပ်ရေယာဉ်ကိုယ်ထည်များ ကြံ့ခိုင်မှုရှိ/မရှိ၊ စက်အင်ဂျင် ကြံ့ခိုင်မှုရှိ/မရှိ၊ အရေးပေါ်အသက်ကယ်အင်္ကျီများပါရှိရေး၊ ညအချိန်အချက်ပြမီးပါရှိရေး၊ ရေယာဉ်လိုင်စင်နှင့် ရေယာဉ်မောင်းနှင်သူများ သတ်မှတ်လိုင်စင် အထောက်အထားပါ/မပါတို့အား ကြည့်ရှုစစ်ဆေး၍ ရေယာဉ်မောင်းနှင်ရာတွင် အထူးဂရုပြု၍ အန္တရာယ်ကင်းစွာမောင်းနှင်ရေး၊ ရေယာဉ်မမောင်းနှင်မီ မိမိတို့ရေယာဉ်ကြံ့ခိုင်မှုအား စစ်ဆေးပြီးမှသာ မောင်းနှင်ရေး၊ ရေယာဉ်စက်သုံးဆီ လုံလောက်စွာပါရှိပြီးမှ မောင်းနှင်ရေး၊ ခရီးသည်များအန္တရာယ် တစ်စုံတစ်ရာမဖြစ်အောင် သတိထားမောင်းနှင်ရေးတို့ကို သတိပေးပြောကြားခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်နေပြည်သူများအနေဖြင့် လတ်တလောတွင် ရေလမ်းခရီးကိုသာ အဓိကထားသွားလာလျက်ရှိပြီး အဆိုပါ ရွှေရန်ကုန် စက်တပ်ရေယာဉ်လိုင်းမှ သမ္ဗန်အကြီး ၁၀၈ စီး၊ အသေး ၆၂ စီး စုစုပေါင်းသမ္ဗန်အစီးရေ ၁၇၀ ဖြင့် ရန်ကုန်မြို့ထဲ့သို့ ခရီးသွားပြည်သူ ခြောက်ထောင်ကျော်ခန့်အား နေ့စဉ်ပို့ဆောင်ပေးလျက်ရှိရာ ရေယာဉ်စီးခရီးသည်များ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့ စက်တပ်ရေယာဉ်(သမ္ဗန်)များအား စစ်ဆေးရခြင်းဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။
ဝေယံ(ပြန်/ဆက်)