မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မိုင်းဖြတ် မတ် ၁၇

မြန်မာနိုင်ငံတစ်ဝန်းလုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုခြင်းကို ယနေ့မှစတင်၍ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် မြန်မာဘာသာရပ်ကို အ.ထ.က(မိုင်းဖြတ်) စာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် တာဝန်ကျ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ပါ/မပါ စစ်ဆေး၍ ကျောင်းဝင်းအတွင်း၊ စာဖြေခန်းအတွင်းသို့ ဝင်ရောက်စေခဲ့ပြီး အခန်းစောင့် ဆရာ၊ ဆရာများက စာမေးပွဲဖြေဆိုသူများ လိုက်နာရမည့်စည်းကမ်းချက်များကို ဖတ်ကြားခဲ့သည်။ ထို့နောက် စာမေးပွဲဖြေဆိုချိန် နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းတွင်းဖြေ (၇၅)ဦး၊ ပြင်ပဖြေ (၄)ဦး စုစုပေါင်း (၇၉)ဦးအနက် မြန်မာစာဘာသာရပ်ဖြေဆိုသည့်နေ့တွင် လာရောက်ဖြေဆိုသူ ကျောင်းတွင်း ဖြေ (၇၂)ဦး၊ ပြင်ပဖြေဆို (၃)ဦး စုစုပေါင်း (၇၅)ဦး လာရောက်ဖြေဆိုပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၄.၉၄)ရာခိုင်နှုန်းဖြစ်ပြီး ပျက်ကွက်မှုရာခိုင်နှုန်းမှာ (၅.၀၆) ရာခိုင်နှုန်းဖြစ်ကြောင်း စာစစ်ဌာန၏စာရင်းများအရ သိရသည်။

မြို့နယ်(ပြန်/ဆက်)