ဇေယျာသီရိမြို့နယ်တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုများ ဆောင်ရွက်

ဇေယျာသီရိ မေ ၁၇

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်၍ ပညာပေးအစီအစဉ်များကို  ဆောင်ရွက်လျက်ရှိရာ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီက မြန်မာ့သနပ်ခါးဓလေ့၏ သမိုင်းကြောင်း၊ အစဉ်အလာယဉ်ကျေးမှုများ၊ သနပ်ခါး၏ အသုံးဝင်ပုံနှင့် အသုံးပြုပုံအကြောင်း၊ မြန်မာ့သနပ်ခါး၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဆိုင်ရာ လှုပ်ရှားမှုအဖြစ် သနပ်ခါးလိမ်းခြယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုတွင် အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရှိရန် လိုအပ်လျက်ရှိပြီး မြန်မာ့သနပ်ခါးယဉ်ကျေးမှုဆိုင်ရာအစီအစဉ်များတွင် နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်နိုင်ရန် သနပ်ခါးသုံးစွဲမှုနှင့်ပတ်သက်၍  မိမိတို့၏သဘောထားများ၊ သနပ်ခါးသုံးစွဲရသည့် အကြောင်းအရင်းများကို စစ်တမ်းကောက်ယူ၍ UNESCO အသိအမှတ်ပြုရေးတွင် ပူးပေါင်းပါဝင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)