ကွန်ဟိန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ကွန်ဟိန်း မတ် ၁၇

မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ တစ်ပြိုင်တည်း စတင်ဖြေဆိုလျက်ရှိကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်တွင် စာစစ်ဌာန(၁)ခုသာရှိပြီး ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား (၈)ဦး၊ ကျောင်းသူ (၃၁) ဦးရှိပြီး ဖြေဆိုမှု (၉၇.၄၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာမေးပွဲဖြေဆိုအောင်မြင်နိုင်ရေးအတွက် အတွင်းစည်း/အပြင်စည်းများဖြင့် ဆောင်ရွက်မှုများကို စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခန့်မော်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဇော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများတို့က စာစစ်ဌာန အနီးဝန်းကျင်၌ ဆူညံသံများ၊ အနှောင့်အယှက်များမရှိရအောင် ကြီးကြပ်ခြင်း၊ ပေါင်းစပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)