မြစ်သား မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ခန္တောကျေးရွာကွင်းအမှတ် (၅၃၁/ခ) ဦးပိုင်အမှတ် (၁၇/၂) တောင်သူဦးဌေးကြိုင်၏ လယ်မြေ (၄) ဧကတွင် နွေစပါး (GW11နှင့်အောင်နိုင်တိုးမျိုး) ကို စက်မှုလယ်ယာဦးစီးဌာန အမှတ် (၆၄) စက်မှုလယ်ယာစခန်း မြစ်သားမြို့ ဝန်ထမ်းများမှ ယမန်နေ့နံနက်ပိုင်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ မြစ်သားမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူးဦးရားကိုင်ထန်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် ကောက်ကွက်ပြည့်မှီကာ ပန်းတိုင်အထွက်နှုန်း တိုးမည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ အလုပ်သမားများ ရှာဖွေရသည့် အခက်အခဲလျော့ကျခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များ ပြုစုထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ သန်မာ၍ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ လေဝင် လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆန်မှုတိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊ ကောက် စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းချွေလှေ့စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိကြောင်းကို ဒေသခံတောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၆၄) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးဌာနမှူး ဦးရားကိုင်ထန်းနှင့် ဝန်ထမ်းများက ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးမှုနည်းစနစ်များကို ဒေသခံတောင်သူများအား လက်တွေ့အသုံးချစိုက်ပျိုးပေးကာ ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သီတာအောင်(မြစ်သား)