ရန်ကင်း မတ်၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်ကစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက ဟောပြောပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ပြိုင်ပွဲဒိုင်ချုပ် Book Club အဖွဲ့ဝင် စာရေးဆရာ မောင်မြတ်နိုးက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း သင်တန်းတက်ရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ ကဗျာရွတ်ဆိုပြိုင်ပွဲဝင် (၅) ဦးနှင့် ပုံပြင်ပြောပြိုင်ပွဲဝင် (၅) ဦး စုစုပေါင်းဝင်ရောက်ယှဉ်ပြိုင်သူ (၁၀) ဦး ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများအား ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် Book Club အဖွဲ့ဝင်တို့က ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးလာကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်များ၊ မိဘများအား အမှတ်တရလက်ဆောင်စာအုပ်များ ပေးအပ်ခဲ့ပြီးနောက် ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရဲလေး (ပြန်ဆက်)