ဒေါပုံမြို့နယ်တွင် ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေး

ဒေါပုံ မတ် ၁၇

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးကုသပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မတ် ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်က နွယ်အေးရပ်ကွက်၊ နွယ်အေးကျေးလက်ကျန်းမာရေးဌာနခွဲတွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် နွယ်အေးရပ်ကွက်နှင့် ဗမာအေးရပ်ကွက်တို့မှ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မျက်စိရောဂါဝေဒနာရှင်များ၊ ကူးစက်တတ်သောရောဂါနှင့် မကူးစက်တတ်သော ရောဂါဝေဒနာရှင်များ ရှာဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကုသခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရောဂါဝေဒနာရှင်များအား သက်ဆိုင်သည့် ဆေးဝါးများကို အခမဲ့ပေးဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါ ကျန်းမာရေးဆိုင်ရာ အခမဲ့ကွင်းဆင်းဆေးကုသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် NGO အဖွဲ့အစည်းများက လာရောက်ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)