တာမွေ မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက်၌ မတ် ၁၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒကိုခံယူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ကျင်းပသော ၂၀၂၅ - ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်း “ဂုဏဝိသိဋ္ဌပူဇာ” နှင့် ၂၀၂၄ - ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲအောင်မြင်တော်မူကြသော မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲ “စူဠဘွဲ့နှင်းဘသင်” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ရွှေတံဆပ်ဆုရှင် နိုင်ငံကျော်အဆိုတော် ဝိုင်းလမင်းအောင်၏ “တူရိယာလုလင်တေးဂီတအဖွဲ့” က ထူးမခြားနားသီချင်းခန့်ကြီး (ပထမ-၃ပိုဒ်) ဖြင့် သီဆိုပူဇော်ခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် “မဟာဂန္ထဝါစကပဏ္ဍိတ” ဒေါက်တာဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့သည်။ ထို့နောက် ရွှေတံဆပ်ဆုရှင်နိုင်ငံကျော်အဆိုတော် ဝိုင်းလမင်းအောင်၏ “တူရိယာလုလင်တေးဂီတအဖွဲ့” က ရှစ်ဆယ်ပေါ် တေးထပ်နှင့် မင်္ဂလာရတုပိုဒ်စုံတို့ဖြင့် သီဆိုပူဇော်ခဲ့ပြီး ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် ပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး ၂၀၂၄ - ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲအောင်မြင်တော်မူကြသော မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် “ဂန္ထဝါစကပဏ္ဍိတ” ဘဒ္ဒန္တစန္ဒောဘာသထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဥပါသကာအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)