နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျန်းမာရေးဆေးခန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ နေပြည်တော်တိုင်းပညာရေးမှူး ဒေါက်တာကျော်လွင်နှင့် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာဖြေဆိုနိုင်ရေး၊ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ သွားလာမှုအဆင်ပြေစေရေး၊ စာမေးပွဲဆိုင်ရာလုံခြုံရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိစေရေးတို့ကို လပ်ဟာမှုမရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုသူနှင့် စာမေးပွဲလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောင်မြင်အောင် ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျန်းမာရေးဆေးခန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ကြီးကြပ်ရေး ဆရာ/ဆရာမများအား စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)