ပျဉ်းမနား မတ် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ်အတွင်းရှိ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပြုလုပ်မည့် စာစစ်ဌာနဖြစ်သည့် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြပြီး သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ကျ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုငန်းလိုအပ်ချက် အခက်အခဲများ၊ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်နှင့် ဖြေဆိုရန် ပြင်ဆင်ထားသည့် အခန်းများ၊ စာရေးခုံများ ပြည့်စုံလုံလောက်မှု ရှိ/မရှိ မီးဘေးလုံခြုံရေးဆိုင်ရာများကို မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များက သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး စာဖြေခန်းများ ပြင်ဆင် ထားရှိမှုအခြေအနေနှင့် တစ်ခန်းချင်းဝင်ဆံ့မှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)