တောင်ကြီး မတ် ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း နှင့်တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ရပ်စောက်မြို့နယ်၊ ပင်ဖြစ်အခြေခံပညာအထက် တန်းကျောင်းနှင့် တောင်ကြီးမြို့နယ်၊ တောင်နီ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက မကြာမီရက်ပိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပတော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ရပ်စောက်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ကြီးမြို့နယ်၊ တောင်နီအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနကြိုတင်ပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီး၊ စာမေးပွဲကျင်းပစဉ်ကာလ အတွင်း ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ စာစစ်ဌာနများသို့ အချိန်မီရောက်ရှိစေရေး သယ်ယူပိုဆောင်ရေးအတွက် အရန်မော်တော်ယာဉ်များ ထားရှိသွားရန်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးဆောင်ရွက်ပေးသွားရန်၊ မေးခွန်းလုံခြုံရေး၊ စာစစ် ဌာနများသို့ မေးခွန်းများ အချိန်မီရောက်ရှိစေရေးနှင့် အဖြေလွှာများ ပြန်လည်ပို့ဆောင်ရာတွင် အခက်အခဲမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများထားရှိမည့် တောင်ကြီးတက္ကသိုလ်သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်(ပြန်/ဆက်)